အပိုင်း(၃၆၈) အထောက်အပံ့များ


TaiVenus2022/05/27 02:04
Follow



ရှီဘိုရမ်ထံ ဂြိုဟ်ထုဖုန်းဖြင့် ဆက်သွယ်လာခြင်း ဖြစ်သည်။

“မနက်ဖြန် နှစ်နာရီမှာ မင်းလိုချင်တဲ့ ပစ္စည်းတွေ လေယာဉ်ပေါ်ကနေ ပစ်ချပေးလိမ့်မယ်"


“ကောင်းပြီ လိုနေတာနဲ့ ကွက်တိပဲ"


“အခြေအနေ ဘယ်လိုရှိလဲ"


“အခု ဆက်တူးမလို့ ကျင်းထဲကို ဆင်းနေတုန်းပဲ ရှိသေးတယ်။ အချိန်နည်းနည်း ထပ်လိုတယ်။ အခြေအနေထူးရင် အကြောင်းကြားမယ်"

ရှလေက ပြန်ပြောလိုက်သည်။


“အေးပါ။ ငါတို့အခု ပါကစ္စတန်မှာ။ ငါတို့လည်း မင်း အချိန်ပိုရအောင် ဟိုကောင်တွေကို အာရုံလွှဲဖို့ စီစဉ်နေကြတယ်။ မင်းပြန်ရောက်ရင် ဝှိုက်ဟွန်မျိုးနွယ်တွေကိုလည်း ပစ္စည်းရောက်မယ့်အကြောင်း ပြောလိုက်။ ဒါဆို ဒါပဲလေ"

ရှီဘိုရမ် ဖုန်းချသွားသည်။


ရှလေလည်း ဂြိုဟ်တုဖုန်းကို ချလိုက်ပြီး

'ဗျူရို(၁၀၁)က ပါကစ္စတန်မှာလည်း အခြေထိုင်ထားတယ်။ ဘော့စ်ရှီနဲ့ လုံပိန်တို့က CIAကို အာရုံလွှဲထားဖို့ ကြိုးစားနေတယ်။ ဒါကြောင့် ငါ့နေရာမှာ ဘာမှ လှုပ်လှုပ်ရှားရှားမရှိပဲ ငြိမ်နေတာကိုး.... မအံ့ဩတော့ပါဘူး။ ဒါပေမဲ့ အကြာကြီးတော့ ရမှာမဟုတ်ဘူး။ မြန်မြန်တူးပြီး မြန်မြန်ရှာတွေ့လေ ကောင်းလေပဲ။ ငါ မြန်မြန်လုပ်ရမယ်'ဟု ထိုသို့ တွေးမိလိုက်သည်။



ရှလေသည် မြန်မြန်လုပ်ပြီး မြန်မြန်ပြန်ထွက်ရမည့်အကြောင်းတွေးရင်း ဆလာမီ့ကို သတိရသွားသည့်အခါ စိတ်မကောင်း ဖြစ်ရပြန်သည်။ သူသည် ဆလာမီ့ကို အလွန်ချစ်ခင်နှစ်သက်ခြင်း မရှိသော်လည်း နှစ်ဦးကြားတွင် သာမန်ထက်ပိုသော ရင်းနှီးမှုနှင့် သံယောဇဉ်တို့ ရှိကြသည် မဟုတ်ပါလော။ သည့်အပြင် သူသည် ဆလာမီ့အပေါ် အပြစ်မကင်းသလို ခံစား‌နေရသည်။ ထို့အတွက်ကြောင့်လည်း ဝှိုက်ဟွန်မျိုးနွယ်စုအတွင် အကူအညီများ ပေးပြီး အမေရိကန်ဒေါ်လာ တစ်သန်း ထောက်ပံ့ပေးခဲ့ဖို့ စိတ်ကူးမိခဲ့ခြင်း ဖြစ်သည်။


မျိုးနွယ်စု နယ်မြေသို့ ပြန်ရောက်သည့်အခါတွင် ရှလေသည် သန်းခေါင်ကျော် နောက်တစ်နေ့ညမနက်အစော၌ လေကြောင်းမှ ပစ္စည်းများ ကြဲချပေးမည့်အကြောင်းအား ဆလာမီ့အား ပြောပြခဲ့သည်။ ထိုစကားကို ကြားပြီးသည်နှင့် ဆလာမီသည် ပစ္စည်းများကိုတိုက်ဖို့ လှည်းစသည် ပြင်ဆင်စရာရှိတာများကို ပြင်ဆင်ခဲ့သည်။ ထို့အပြင် ပစ္စည်းကြဲချရမည့်နေရာအား ညွှန်ပြနိုင်ရန် အချက်ပြမီးကျည်ကိုလည်း ပြင်ဆင်စေခဲ့သည်။



ထိုညတွင် ဝှိုက်ဟွန်လူမျိုး ယောက်ျား မိန်းမ အကုန်လုံး လေယာဉ်အလာကို မျှော်လင့်တကြီး စောင့်နေကြသည်။ အပြင်းပြေ ဝိုင်းဖွဲ့စကားပြောရင်း ရယ်မော ပျော်ရွှင်နေခဲ့ကြသည်။ ဤမြင်ကွင်းသည် ရှလေအဖို့ အထူးအဆန်း‌ဖြစ်နေပြီး မည်သည့်အကြောင်းကြောင့်ရယ်မသိ စိတ်ထဲတွင် ကျေနပ်နေမိခဲ့သည်။


“ရှ‌၊ နင် ဒီနေ့ ဘယ်နေရာမှာ ဘာတွေတူးနေခဲ့တာလဲ၊ တစ်ခုခုတွေ့လား"

ဆလာမီက ရှလေကို ဖက်တွယ်ထားရင်း ထိုသို့ မေးလိုက်သည်။


“ဘာမှ မတွေ့ပါဘူး"


“ငါ နင့်ကို ဘာရတနာမှ မရှိပါဘူးလို့ ပြောသားပဲ။ နင်မှ မယုံတာ..."

ဆလာမီက ထိုသို့ပြောရင်း တစ်ခုခုကို သတိရသွားသည်။

“အဲ နင် ဘာမှ မတွေ့ရင် ငါတို့ကို ပေးမယ့်ပစ္စည်းတွေ ပြန်ယူသွားမှာတော့ မဟုတ်ပါဘူး‌နော်"


ရှလေ ခပ်ဖွဖွ ရယ်မောလိုက်ပြီး

“ငါ အဲ့လောက်ထိ ကလေးမဆန်ပါဘူး။ ပေးထားတဲ့ ပစ္စည်းတွေ ပြန်မယူပါဘူး။ အဲ့ဒီအတွက် စိတ်အေးအေးထားပါ။ ဘာမှ တူးဖော်လို့ မရလည်းပဲ နင်တို့ မျိုးနွယ်ကို ကူညီစရာရှိတာတွေ ကူညီပေးသွားမှာပါ"

ထိုသို့ပြောပြီးနောက် ဆလာမီ၏ နားနားကို ကပ်၍ လေသံကို နှိမ့်လိုက်ပြီး

“တကယ်ဆို ဒါတွေက ငါ နင့်အတွက်မလို့ လုပ်ပေးတာ။ သို့မဟုတ် တခြားသူအတွက်သာဆို ဒီလောက် ပစ္စည်းတွေ အများကြီး ပေးရလောက်တဲ့ထိ ငါ သဘောကောင်းမှာ မဟုတ်ဘူး"


ဆလာမီသည် ရှလေ၏ စကားကို သဘောကျသွားပြီး မျက်နှာထက်တွင် ကြီးမားသည့်အပြုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ရှလေ၏နားနားကပ်၍

“နင် တခြား ဘာဆက်တူးချင်သေးလဲ။ နင့်ဆန္ဒက ငါ့အတွက် အရာရာပဲ"


ရှလေ ဆွံ့အသွားသည်။


ဟိုလိုလို ဒီလိုလိုစကားများ ပြောတတ်သည်က ဆလာမီ၏ စရိုက်ပင် ဖြစ်သည်။ ထိုသို့ ရိသဲ့သဲ့စကားမပြောက ဆလာမီ မစစ်သလိုပင်။




သန်းခေါင်ကျော် မနက်(၁)နာရီ မိနစ်(၅၀)ဝန်းကျင်ခန့်တွင် ကောင်းကင်ယံ၌ လေယာဉ်စက်သံများ ဆူညံလာခဲ့သည်။ စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေးလေယာဉ် Cloud20ပေါ်မှ သေတ္တာပုံးများ လွင့်စင်ကျလာခဲ့သည်။ ၎င်းတွင် ချိတ်တွယ်ထားသည့် လေကိုခိုသည့် လေထီးများ၏ ကျေးဇူးဖြင့် သေတ္တာပုံးများသည် အပျက်အစီးမရှိ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ကျရောက်လာခဲ့သည်။



ပစ္စည်းများကို ပစ်ချပြီးသည်နှင့် Cloud20လေယာဉ်ကြီးသည် တစ်မိနစ်မှ ဆက်မနေတော့ပဲ ပါကစ္စတန်နိုင်ငံဘက်သို့ ဦးတည်ကာ ပြန် ထွက်ခွာသွားခဲ့သည်။


ဆလာမီသည် သူ၏ လူများအား ကျရောက်လာသည့် သေတ္တာပုံးများကို အမြန် ကောက်ယူစုစည်းစေပြီး ဖွင့်ဖောက် စစ်ဆေးခိုင်းခဲ့သည်။



ထိုအခါ ၎င်းသေတ္တာကြီးများထဲတွင် ရှလေ မှာထားသည့် လက်နက်ခဲယမ်းနှင့်အတွ စက်ပစ္စည်းများ အစုံအလင် ပါရှိသည်ကို တွေ့ခဲ့ရသည်။ ရုရှားထုတ် AK12 ရိုင်ဖယ် အလက်တစ်ရာနှင့်အတူ တရုတ်နိုင်ငံထုတ် စနိုက်ပါရိုင်ဖယ် ဆယ်လက်လည်း ပါရှိသည်။ ၎င်းတို့အတွက် ခဲယမ်းများလည်း အပြည့်အစုံပင်။ သည့်အပြင် ရေအားလျှပ်စစ်အတွက် လိုအပ်သည့် စက်ပစ္စည်းများ၊ မီးဖိုချောင်သုံး လျှပ်စစ်ပစ္စည်းများ၊ လျှပ်စစ်ဖြင့် အနွေးဓာတ်ထုတ်ပေးနိုင်သည့် စောင်များ စသည်ဖြင့် လျှပ်စစ်ပစ္စည်းများလည်း ပါဝင်သည်။ အင်ဂျင်နီယာရင်းအတွက် စက်ပစ္စည်းများ၊ တူးဖော်ရေးအတွက် လိုအပ်မည့် နောက်ဆုံးပေါ် စက်ပစ္စည်း ကိရိယာများ စသည့် ရှလေမှာယူထားသည့်ပစ္စည်းများသည်လည်း အစုံအလင်ပင်။ နောက်ဆုံးတစ်ခုအနေဖြင့် ငွေသား အမေရိကန်ဒေါ်လာ နှစ်သန်းလည်း ပါဝင်လေသည်။


ဝှိုက်ဟွန်မျိုးနွယ်စုက အမျိုးသမီးစစ်သည်များသည် လက်နက်ခဲယမ်းနှင့် ပစ္စည်းများကို မြင်ရသည့်အခါ အလွန်ဝမ်းမြောက်ပျော်ရွှင်သွားကြသည်။ ထို့နောက် AK12 သေနတ်များကို အသီးသီး ကိုင်ဆောင်ကာ ပစ်ဖောက်စမ်းသပ်ရင်း ပျော်ပွဲကို ဆင်နွှဲကြလေသည်။ ထိုခဏ၌ ပစ်ဝန်းကျင်တစ်ခုလုံးတွင် အသံဗလံများ ဆူညံပွက်လောရိုက်ကုန်ကြသည်။


ဆလာမီသည် ဆူညံနေသည့် အသံများကို သတိထားနေပုံ မပေါ်ပေ။ ရှလေအနားကပ်လာပြီး တင်းတင်းကြပ်ကြပ်ဖက်တွယ်ကာ အနမ်းတစ်ပွင့်ကို ဆုလာဘ်ဆောင်အနေဖြင့် ပြန်ပေးလိုက်လေသည်။



... ...


ရေအားလျှပ်စစ်စက်ရုံအတွက် ဂျင်နရေတာ ရောက်ပြီဖြစ်သော်လည်း အကောင်အထည် ချက်ချင်းဖော်ဖို့ မတတ်နိုင်သေးပေ။ ထိုအရာကို တစ်ယောက်တည်းလုပ်ဖို့ဆို ဘယ်လောက်ထိ ကြာမည် မသိနိုင်သေးသလို၊ ဘယ်အချိန်တွင် အိမ်ထပြန်ရမည်ကလည်း မသေချာပါချေ။ ဒီကြားထဲ CIA၏ ရန်ကို သတိထားနေရသည် မဟုတ်ပါလော။


သို့သော် အမေရိကန်ဒေါ်လာနှစ်သန်း လက်ဝယ်ရှိထားသည့် ဝှိုက်ဟွန်တို့အတွက် ရေအားလျှပ်စစ် စီမံကိန်းငယ်တစ်ခုကို အကောင်အထည်ဖော်ဖို့မှာ မခဲယဉ်းတော့ပေ။ အာဖဂန်နစ္စတန်တွင် လုပ်သားအများအပြားကို ငွေဖြင့်ခိုင်းနိုင်သည်။ သို့ပေတည့် နည်းပညာကျွမ်းကျင် ပညာရှင်တော့ အတော်လေး ရှားပါးလိမ့်မည် ဖြစ်သည်။


အိပ်ယာထက်၌ ရှလေနှင့် ဆလာမီတို့သည် ရေအားလျှပ်စစ်နှင့် ပက်သက်၍ စကားပြောဖြစ်ခဲ့ကြသည်။ ဆလာမီသည် ရှလေ ပြောသမျှကို စဉ်းတောင် မစဉ်းစားပဲ ခေါင်းညိတ် သဘောတူ လက်ခံခဲ့သည်။ ဆလာမီသည် လတ်တလော မျိုးနွယ်စုကိစ္စများဖြင့် အလုပ်ရှုပ်နေသည့်အတွက် ရှလေနှင့် ဟက်ဟက်ပက်ပက် စကားပြောဖို့ အဆင်‌မပြေသေးပါချေ။


နောက်တစ်နေ့ မနက်တွင် ဆလာမီသည် သူမ၏စစ်သည်များဖြင့် သေနတ် စမ်းသပ်ပစ်ခတ် လေ့ကျင့်ကြလေသည်။ ထိုစဉ် ရှလေသည်လည်း မြင်တစ်ကောင်နှင့်အတူ လိုအပ်သည် ပစ္စည်းကိရိယာများကို သယ်ဆောင်ရင်း တစ်ယောက်တည်း ထွက်လာခဲ့သည်။


ဗျူရို(၁၀၁)မှ ထောက်ပံ့သည့် ပစ္စည်းကိရိယာများ၏ အထောက်အကူဖြင့် ရှလေ၏ တူးဖော်သည့်လုပ်ငန်းစဉ် အတော်လေး ခရီးတွင်ခဲ့သည်။ ကျင်းအောက်ခြေ၌ လိုဏ်ခေါင်းကို အလျားလိုက် ဆက်လက်တူးဖော်နေခဲ့ရာ ကျင်းနှုတ်ခမ်းဝ၌ပင် မြေစာ အများအပြား စုပုံလာခဲ့ပြီ ဖြစ်သည်။


ဤနေ့တွင် ရှလေသည် ကျင်းအောက်ခြေမှ အတွင်းဘက် ငါးမီတာထိအောင် ဆက်၍ တူးဆွနိုင်ခဲ့သည်။ လှိုဏ်ခေါင်းကို အထက်ပိုင်းကျဉ်း၍ အောက်ပိုင်ကျယ်သည့် ရှည်မျောမျော တြိဂံပုံစံ တူးယူခဲ့သည်။ ထိုပုံစံသည် မြေသား အလွယ်တကူ ပြိုကျမှုကို တားဆီးနိုင်သည့် အကောင်းဆုံး ပုံစံ ဖြစ်လေသည်။


လှိုဏ်ခေါင်း အတွင်းဘက် အလင်းရောင်မဝင်တော့သည့်အခါ ရှလေသည် ဘယ်ဘက်မျက်လုံးကို မသုံးပဲ ခေါင်းပေါ်တွင် တပ်ဆင်ထားသည့် ဓာတ်မီးအလင်းရောင်ကိုသာ အသုံးပြုခဲ့၍ လှိုဏ်ခေါင်းကို ဆက်တူးနေခဲ့သည်။

ထို့နောက် ပါလာသည့် ပစ္စည်းကိရိယာများကိုဖြင့် မြေသားအတွင်းပိုင်းကို ထိုးစွကြည့်ပြီး စမ်းသပ်ကြည့်ရာ ထွက်ပေါ်လာသည့် ရလာဒ်‌က ရှလေအား စိတ်လှုပ်ရှားစေခဲ့သည်။


ထွက်လာသည့် အဝိုင်းပုံစံ မြေသားနမူနာသည် အရင်းပိုင်းတွင် သာမန်ဖြစ်သော်လည်း ထပ်ဆုံးပိုင်းတွင် ခဲဖြူရောင် ဖြစ်လေသည်။ ထိုခဲ‌ဖြူရောင် မြေသား၏ သိပ်သည်းမှုမှာ သာမန်မြေသားထက် ပိုနေခဲ့သည်။ သေချာပေါက် လူလုပ်မြေထုပင် ဖြစ်သည်။ ထိုမြေထုသည် သဘာဝအတိုင်း ဖြစ်လာနိုင်စရာ မရှိပါချေ။ ထိုအရာကို ကြည့်ခြင်းအားဖြင့် ရှလေ ရှာဖွေနေသည့်အရာနှင့် နီးစပ်လာပြီဟု ယူဆလို့ ရသည်။


ရှလေ အလွန်စိတ်လှုပ်ရှားသွားပြီး မြေနံရံကို ဆက်မတူးခင် ဘယ်ဘက်မျက်လုံးဖြင့် မြေသားကို ထွင်းဖောက်ကြည့်လိုက်သည်။

ဘယ်ဘက်မျက်လုံးသည် မြေသားနှစ်မီတာအထူကို ဖောင်ထွင်းသွားပြီးနောက်တွင် မြင်ကွင်းထဲ၌ ကျောက်စာချပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ ရှလေ စိတ်ဝင်စားသွားပြီး သေချာအာရုံစိုက်ကြည့်လိုက်ရာ လူလုပ် ကျောက်စာချပ်တစ်ခု ဖြစ်နေမှန်း သိလိုက်ရသည်။


“ဒီကျောက်စာချပ်က ဘာကို ညွှန်းချင်တာလဲ"

ရှလေ ထွင်းဖောက်အမြင်ကို ပို၍အားစိုက်လိုက်သည်။ သို့သော် သိပ်သည်းသည့် မြေသားနှစ်မီတာကို ထွင်းဖောက်ထားရသည့်အတွက် ကျောက်ပြားချပ်ကို အနီးကပ် ကောင်းစွာ မမြင်နိုင်ခဲ့ပေ။


ရှလေသည် ထွင်းဖောက်အမြင်ကို ရပ်တန့်လိုက်ပြီး ဂေါ်ပြားကို ကောက်ကိုင်လိုက်ပြီး ဆက်လက် တူးဆွဖို့ ဟန်ပြင်လိုက်သည်။


(ဆက်ရန်)


Share - အပိုင်း(၃၆၈) အထောက်အပံ့များ

Support this user by sending bitcoin - Learn more

Follow

0 comments

Be the first to comment!

This post is waiting for your feedback.
Share your thoughts and join the conversation.